Self Awareness ကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ?

 
Self-Reflect.jpg
 
 

Emotional Intelligence ဆိုတာ ခုနောက်ပိုင်းမှာ လူပြောများတဲ့အကြောင်းအရာတစ်ခုပါ။ လူတစ်ယောက်တော်တာ အောင်မြင်တာသူ့ရဲ့ ဥာဏ်ရည် (IQ) ဆိုတာထက် စိတ်ခံစားချက်ဆိုင်ရာ ကောင်းမွန်မှု (EQ) ကပိုအရေးပါတယ်ဆိုပြီး ပြောလာကြပါတယ်။ Emotional Intelligence မှာ အဓိကအားဖြင့် အပိုင်းလေးပိုင်းပါပါတယ်။

၁) Self Awareness လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်သိရှိမှု

၂) Self Management လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်စီမံခန့်ခွဲနိုင်မှု

၃) Social Awareness လို့ခေါ်တဲ့ အခြားသူများကိုနားလည်မှု

၄) Relationship Management လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးစီမံခန့်ခွဲနိုင်မှု

ဒီပို့စ်မှာတော့ ပထမဆုံးအချက်ဖြစ်တဲ့ Self Awareness တစ်နည်းအားဖြင့် မိမိကိုယ်ကိုယ်သိရှိမှု ကောင်းအောင် လုပ်ဆောင်လို့ရမဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

သင်ခံစားချက်ရဲ့ အကျိုးသက်ရောက်မှုကိုလေ့လာပါ

သင့်ရဲ့စိတ်ခံစားချက်ဟာ အရမ်းကိုပါဝါကြီးတဲ့လက်နက်တစ်ခုလိုပါပဲ။ စိတ်ခံစားချက်ကြောင့် အခြားအရာတွေမှာ အကျိုးသက်ရောက်မှုတွေကိုဖြစ်စေပါတယ်။ ဥပမာ - လူတစ်ယောက်ကို ကိုယ်ကစိတ်ဆိုးတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်မိမယ်ဆိုရင် ဒီလူနဲ့မိတ်ဆွေ ပြတ်နိုင်တယ်။ အခြားသူတွေကလည်း ကိုယ့်ကိုယ်ဒေါသကြီးသူလို့ယူဆသွားမယ်။ ဒါတွေဟာ စိတ်ခံစားချက်ရဲ့ အကျိုးဆက်တွေပါ။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာခံစားချက်တစ်ခုခုဖြစ်လာပြီဆိုရင် ဒီစိတ်ခံစားချက်ဟာ ဘယ်လိုအကျိုးသက်ရောက်မှုကိုဖြစ်စေလဲဆိုတာကို သတိပြုလေ့လာသင့် ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အကျင့်လိုဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ဘယ်စိတ်ခံစားချက်က ဘယ်လိုအကျိုးသက်ရောက်မှုကိုဖြစ်စေသလဲဆိုတာကို သိလာတဲ့အခါ ကိုယ်လိုချင်တဲ့ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို သတိပြုလုပ်ဆောင်မိမှာပါ။

စိတ်ခံစားချက်ကို ရုပ်ပိုင်းဆိုင်ရာဖြင့်ခံစားပါ

စိတ်ခံစားချက်တစ်ခုကိုခံစားရတဲ့အခါမှာ ကိုယ်ခန္ဓာမှာလည်း ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ် ပါတယ်။ ဥပမာ - လူရှေ့မှာစကားပြောရမဲ့အခါမှာ အရင်ဆုံးရင်တုန်လာတာ၊ အသက်ရှုမြန်လာတာ စသည်ဖြင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတတ်ပါတယ်။ ဒီအချိန်မှာကိုယ်က ဒါကိုသတိပြုမိရင် ကိုယ့်ရဲ့ကြောက်ရွံ့စိတ်ကိုပျောက်အောင် ပုံမှန်အသက်ရှုပေးခြင်း၊ မျက်စိမှိတ်ပြီးကိုယ်ပြောရမဲ့လူတွေ အများကြီးရှေ့မှာရောက်နေသလိုစဉ်းစားခြင်း စသည်ဖြင့်လုပ်ဆောင်ခြင်းဖြင့် မိမိရဲ့ကြောက်ရွံ့မှုဆိုတဲ့ စိတ်ခံစားချက်ကိုလျော့ချနိုင်မှာဖြစ်ပါတယ်။ ဒါကိုအလေ့အကျင့်အနေနဲ့ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ခံစားချက်ဖြစ်မလာခင်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုသတိပြုမိပြီး အချိန်မီထိန်းချုပ်လာနိုင်ပါတယ်။

စိတ်ခံစားချက်မကောင်းမှုကြောင့် ကိုယ့်ကိုယ်ကိုအရူးအလုပ်မခံပါနဲ့

တစ်ခါတစ်ရံမှာ အလုပ်ထဲမှာအဆင်မပြေလို့ဘဲဖြစ်ဖြစ် တစ်စုံတစ်ရာကြောင့်စိတ်အနှောင့်အယှက်ဖြစ် ပြီးစိတ်ခံစားချက်မကောင်းတဲ့အခါ အရာရာကိုအဆိုးမြင်လာတတ်ပါတယ်။ ဥပမာ - အလုပ်ထဲမှာ ကိုယ့်ရဲ့အထက်လူကြီးက စ်ိတ်တိုပြီးဆူငေါက်လိုက်တာမျိုး၊ ကိုယ်လုပ်ဖော်ကိုင်ဖက်နဲ့စကားပြော အဆင်မပြေတာမျိုးဖြစ်တဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်ပြီး အလုပ်ကိုမုန်းတီးလာတာ၊ မိသားစုနဲ့ ဆက်ဆံရေးအဆင်မပြေတာ၊ ကိုယ့်ဘဝြကီးမှာအရာရာကမျှော်လင့်ချက်မဲ့နေတာ စတဲ့စိတ်ခံစားချက် မကောင်းမှုတွေက ဆက်တိုက်ဖြစ်လာပြီး ဆုံးဖြတ်ချက်အမှားတွေချမိတတ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်လာခဲ့ရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုအလိုမလိုက်ဘဲ ခံစားချက်ဆိုတာတည်မြဲတဲ့အရာမဟုတ် ဘူးဆိုတာကို သိရှိပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ၊ စိတ်လိုက်မာန်ပါလုပ်တာမျိုးတွေကိုရှောင်ကြဉ် မိလာပါလိမ့်မယ်။

ဘယ်အရာကိုဘာကြောင့်လုပ်သလဲဆိုတဲ့မေးခွန်းမေးပါ

Self Awareness ကောင်းဖို့အတွက်လုပ်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ မိမိစိတ်ခံစားချက်ရဲ့ အရင်းအမြစ်ကိုသိရှိဖို့ပါ။ ကိုယ့်ရဲ့အပြုအမူတစ်ခုဟာ ဘာကြောင့်ဒီလိုပြုမူရသလဲ ဆိုတာကို သတိထားပြီးကိုယ့်ကိုယ်ကိုမေးခွန်းမေးဖို့ပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မိမိရဲ့စိတ်ခံစားချက်ကိုသတိပြုမိလာပြီး ဘယ်လိုစိတ်ခံစားချက်က ဘယ်လိုအပြုအမူကိုလုပ်ဆောင်စေ လဲဆိုတာကို သိရှိလာနိုင်ပါတယ်။ ဥပမာ - စိတ်ဓာတ်ကျပြီးလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုမေးရမှာက ဘယ်အရာကကိုယ့်ကိုစိတ်ဓာတ်ကျစေတာလဲ၊ ဘာကြောင့်ဒီလိုခံစားချက် ကိုဖြစ်စေတာလဲဆိုတာကို မေးခွန်းမေးပြီးသုံးသပ်လိုက်ရင် နောင်တစ်ချိန်ကျရင်ဒီလိုမဖြစ်အောင် သတိထားရှောင်ကြဉ်လာနိုင်ပါတယ်။

အခြားသူများထံမှ သဘောထားကိုမေးမြန်းပါ

Self Awareness ကောင်းဖို့ဆိုတာ ကိုယ့်ကိုယ်ကိုပဲဆန်းစစ်နေရုံနဲ့လည်းမရပါဘူး။ ဘာကြောင့်လဲဆိုရင် တစ်ချို့အရာတွေကို ကိုယ်ကိုယ်တိုင်မမြင်နိုင်မသိနိုင်တဲ့အတွက်ပါ။ ဒါကြောင့် ကိုယ့်ရဲ့မိသားစု၊ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေထံကလည်း သဘောထားကို မေးမြန်းတဲ့အခါ ကိုယ်မထင်ထားတဲ့မမြင်တဲ့အရာတွေကို သိရှိလာနိုင်ပါတယ်။ ဥပမာ - လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် (သို့မဟုတ်) ကိုယ့်အထက်လူကြီးထံကနေ ဘယ်လိုအခြေအနေမျိုးတွေမှာ ဘယ်လိုအပြုအမူမျိုးကိုလုပ်ဆောင်မိတတ်လဲဆိုတာကို မေးမြန်းနိုင်သလို ဘယ်စိတ်ခံစားချက်က ဘယ်လိုအပြုအမူတွေကို ဖြစ်စေသလဲဆိုတာကိုလည်း မေးမြန်းသိရှိနိုင်ပါတယ်။

Self Awareness တစ်နည်းအားဖြင့် မိမိကိုယ်ကိုယ်သတိပြုမိခြင်းက အခြေအနေတွေကိုပြောင်းလဲလို့ မရနိုင်ရင်တောင် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုဘယ်လိုသတိထားကြည့်ရှုပြီး ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်မိဖို့ မကောင်းတဲ့အရာတွေကိုမလုပ်ဆောင်မိအောင် ရှောင်ကြဉ်နိုင်ဖို့ကို အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီလိုမိမိရဲ့စိတ်ခံစားချက်တွေကိုသတိပြုမိလာတဲ့အခါမှာ မိမိကိုယ်ကိုယ်စီမံခန့်ခွဲမှုဟာ ပိုမိုလွယ်ကူလာနိုင်ပါတယ်။

မိမိကိုယ်ကိုယ်စီမံခန့်ခွဲနိုင်အောင် ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်နိုင်သလဲဆိုတာကို နောက်ပို့စ်တစ်ခုမှာ ရေးပေးပါမယ်။

ဒီအကြောင်းအရာလေးကို Emotional Intelligence 2.0 ဆိုတဲ့စာအုပ်လေးကို မှီငြမ်းကိုးကား ရေးသားထားပါတယ်။

Laura Cho

 
Laura ChoComment