အလုပ်တစ်ခုပြောင်းတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်သည့်အရာများ

 
 
Good Relationship With Boss (5).png
 
 

အင်တာဗျူးတွေလုပ်တဲ့အခါတိုင်းမှာရော အလုပ်တစ်ခုကနေတစ်ခုကိုပြောင်းဖို့ကြိုးစားနေတဲ့သူတွေတွေ့တဲ့ အခါတိုင်းမေးဖြစ်တာက နောက်အလုပ်တစ်ခုပြောင်းတဲ့အခါဘယ်အချက်တွေကိုအဓိကထားစဉ်းစားသလဲ ဆိုတဲ့မေးခွန်းပါ။ ရာထူးအသီးသီးကလူရာပေါင်းများစွာကို အင်တာဗျူးလုပ်ခဲ့တဲ့အတွေ့အကြုံအရ အလုပ်တစ်ခုပြောင်းတော့မယ်ဆိုရင် ဦးစားပေးထည့်သွင်းစဉ်းစားကြတဲ့အရာတွေမတူညီကြတာတွေ့ရှိရပါ တယ်။ အလုပ်တစ်ခုပြောင်းတော့မယ်ဆိုရင် စဉ်းစားတာပထမဦးဆုံးကလစာလို့အများစုထင်မိကြမှာပါ။ ဒါပေမဲ့လစာအပြင်လူအများစုထည့်သွင်းစဉ်းစားလေ့ရှိကြတဲ့အရာတွေအများကြီးရှိပါတယ်။ ဒီဆောင်းပါးလေးမှာ ဘယ်အရာတွေကိုထည့်သွင်းစဉ်းစားသင့်သလဲ ဘာကြောင့်လဲဆိုတာလေးကိုရှင်းပြ ထားပါတယ်။

💡 လစာ

လစာဟာလည်းထည့်သွင်းစဉ်းစားသင့်တဲ့အရာတစ်ခုထဲမှာပါပါတယ်။ အလုပ်တစ်ခုပြောင်းတဲ့အခါမှာ လူတိုင်းတော့လစာများမှပြောင်းချင်ကြတာပါ။ လစာဆိုတဲ့နေရာမှာ ကိုယ်နဲ့ထိုက်သင့်တဲ့လစာကို ကိုယ်လုပ်ရမဲ့အလုပ်အနေအထား၊ ဒီအဖွဲ့အစည်းမှာကိုယ့်အတွက် သင်ယူတိုးတက်နိုင်မှုရှိနိုင်မလဲ စတဲ့အချက်တွေပေါ်ကိုလည်းမူတည်ပြီးထည့်သွင်းစဉ်းစားသင့်ပါတယ်။ ညီမလေးတစ်ယောက်က comment တစ်ခုမှာမျှဝေထားတာက သူ့ရဲ့ပထမအလုပ်ကနေနောက်အလုပ်တစ်ခုပြောင်းတဲ့အခါ အစပိုင်းမှာပထမအလုပ်ထက်လစာနည်းပါတယ်တဲ့။ ဒါပေမဲ့ပညာရတဲ့အလုပ်ဖြစ်တဲ့အတွက် လစာနည်းသော်လည်းပြောင်းလိုက်ပေမဲ့ ခုတော့နှစ်နှစ်အတွင်းမှာ ပထမအလုပ်မှာရနိုင်တဲ့ လစာထက်အစပေါင်းများစွာများသွားသလို ကိုယ့်တိုးတက်မှုအတွက်ပညာတွေလည်း အများကြီး ရပါတယ်ဆိုပြီးမျှဝေထားပါတယ်။ Laura ကိုယ်တိုင်လည်းဒီလိုမျိုးကြုံခဲ့ဖူးသလို ကိုယ်တိုင်လည်း တိုးတက်နိုင်မှုကိုရွေးချယ်ခဲ့တဲ့အခါ career တိုးတက်မှုနဲ့အတူလစာဟာ အတူတွဲပါလာပါတယ်။ ဒါကြောင့်အထူးသဖြင့််ရာထူးငယ်တဲ့အချိန်မှာ လစာကိုအဓိကထားမစဉ်းစားစေလိုပါဘူး။ သင်ယူလေ့လာနိုင်မဲ့၊ ကိုယ့်အတွက်တိုးတက်မှုရှိနိုင်တဲ့အလုပ်ကိုရွေးချယ်ရင် ဝမ်းစာပြည့်ဝလာတဲ့ အခါလစာဆိုတာ သူ့အလိုလိုလိုက်လာမှာပါ။

💡 လုပ်ငန်းနာမည်ကျော်ကြားမှု (Brand)

အလုပ်ပြောင်းကျသူများမှာ လုပ်ငန်း/ကုမ္ပဏီရဲ့နာမည်ကျော်ကြားမှုကိုလည်း ထည့်သွင်းစဉ်းစားကျတာတွေ့ ရပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါနာမည်ကျော်ကုမ္ပဏီတွေဆိုရင် လူတော်တော်များများ စိတ်ဝင်စားလျှောက်ထားကြတာတွေ့ရမှာပါ။ ဒီအချက်ဟာထည့်သွင်းစဉ်းစားသင့်ပေမဲ့လည်း ကုမ္ပဏီက ဘယ်လောက်ပဲနာမည်ကျော်ကျော် ကိုယ့်အတွက်အခွင့်အလမ်းတွေတိုးတက်မှုတွေနဲ့ တိုက်ရိုက်အချိုးမကျ ပါဘူး။ ဒါကြောင့်ဒီအချက်ဟာအဓိကထည့်သွင်းစဉ်းစားသင့်တဲ့အချက်တော့မဟုတ်ပါဘူး။

💡 လုပ်ငန်းပတ်ဝန်းကျင်

ဒီအချက်ကိုတော့အများစုမေ့လျော့နေတတ်တာတွေ့ရပါတယ်။ အလုပ်တစ်ခုမပြောင်းခင်မှာ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ပြောင်းမဲ့အလုပ်ရဲ့လုပ်ငန်းပတ်ဝန်းကျင်ကို အင်တာဗျူးမှာပဲဖြစ်ဖြစ် လက်ရှိလုပ်နေတဲ့သူတွေဆီကပဲဖြစ်ဖြစ် လေ့လာမေးမြန်းသင့်ပါတယ်။ လူတိုင်းနေ့စဉ်အလုပ်မှာ ကုန်ဆုံးရတဲ့အချိန်ဟာ တစ်နေ့တာအချိန်ရဲ့သုံးပုံနှစ်ပုံလောက်ရှိပါတယ်။ မိသားစုနဲ့နေရတဲ့အချိန်ထက် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့အလုပ်မှာကုန်ဆုံးရတဲ့အချိန်ကပိုများပါတယ်။ ပျော်ရွှင်စရာမကောင်းတဲ့ လုပ်ငန်းပတ်ဝန်းကျင်၊ နေ့စဉ်အလုပ်သွားရတာဟာကိုယ့်အတွက် စိုးရိမ်ပူပင်ထိတ်လန့်မှုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေမရှိဘူးဆိုရင် ကိုယ့်အတွက်ရေရှည်ရပ်တည်ဖို့ မလွယ်ကူလှပါဘူး။

💡 သင်ယူလေ့လာနိုင်မှုနှင့်အသုံးချနိုင်မည့်အခွင့်အရေး

ဒီအချက်ဟာ လူတိုင်းအတွက်အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ရာထူးကြီးကြီးငယ်ငယ် သင်ယူလေ့လာမှုဟာ အမြဲမပြတ်လုပ်ဆောင်နေရမဲ့အရာတစ်ခုပါ။ သင်ယူနိုင်မဲ့အခွင့်အရေးဆိုတာမှာ သင်တန်းပေးမှုတွေကနေ သင်ယူနိုင်သလို on-job အလုပ်လုပ်ရင်းသင်ယူနိုင်ဖို့လည်းလိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာသင်ယူ လေ့လာဖို့အခွင့်အရေးမရှိဘူးဆိုရင် ရေရှည်မှာကိုယ့် career တိုးတက်မှုလည်းရှိလာမှာမဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုအမြဲမပြတ်တိုးတက်အောင် လုပ်ဆောင်နေရမှာဖြစ်သလိုဒီအရည်အချင်း တွေကိုပြန်လည်အသုံးနိုင်မဲ့ လုပ်ငန်းခွင်မျိုးဖြစ်ဖို့လည်းလိုအပ်တဲ့အတွက် အထူးအလေးထားထည့်သွင်းစဉ်း စားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

💡 Career တိုးတက်နိုင်မှု

ကုမ္ပဏီတစ်ခုကိုပြောင်းတော့မယ်ဆိုရင် ကိုယ့် career တိုးတက်မှုအတွက် ရာထူးအဆင့်ဆင့်တက် လှမ်းနိုင်မဲ့ အခွင့်အရေးရှိဖို့လည်းလိုအပ်ပါတယ်။ ကိုယ့်မှာအရည်အချင်းမပြည့်ဝနေသေးရင်တောင် တိုးတက်နိုင်မဲ့အခွင့်အလမ်းရှိတယ်ဆိုရင် လိုအပ်တဲ့အရည်အချင်းတွေဖြည့်ဆည်းပြီး ကြိုးစားလုပ်ဆောင် နိုင်ပါတယ်။ အရည်အချင်းတွေဘယ်လောက်ပဲရှိရှိ career တိုးတက်ဖို့အတွက်အခွင့်အရေးမရှိရင် ရေသေလိုရပ်တန့်နေမှာပါ။ ဒါကြောင့်တိုးတက်နိုင်မဲ့အခွင့်အလမ်းရှိမရှိကိုလည်း အင်တာဗျူးမှာမေးမြန်းခြင်း၊ ကုမ္ပဏီမှာလုပ်ကိုင်နေကျတဲ့သူတွေရဲ့ career တိုးတက်မှုအကြောင်းလေ့လာခြင်းဖြင့် လုပ်ဆောင်နိုင်ပါ တယ်။

အထက်ပါအချက်ငါးချက်အပြင် အလုပ်ပြောင်းတဲ့အခါထည့်သွင်းစဉ်းစားသင့်တဲ့အရာတွေကတော့ ဝန်ထမ်းတစ်ယောက်အနေဖြင့် ခံစားခွင့် - အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ကျန်းမာရေးစစ်ဆေးမှု၊ ဘောနပ်စ်၊ ခွင့်နှင့် အခြားခံစား ခွင့်များ၊ မိမိ career ရည်မှန်းချက်နှင့်ကိုက်ညီနိုင်မှု၊ လုပ်ကိုင်ရမည့် အလုပ်အနေအထား၊ မိမိအထက်လူကြီး နှင့်ဆက်ဆံရေး၊ နေ့စဉ်သွားလာရေး စတဲ့အချက်များ လည်းအပါအဝင်ဖြစ်ပါတယ်။ အလုပ်တစ်ခုမပြောင်းခင်မှာ မိမိလက်ရှိလုပ်နေတဲ့အလုပ်နဲ့နောက်အလုပ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်းချိန်ထိုး စဉ်းစားသင့်ပါတယ်။ အလုပ်တိုင်းမှာပြီးပြည့်စုံမှုဆိုတာ ကတော့မရှိတဲ့အတွက် ကိုယ့်အလေးထားတဲ့ အချက်တွေပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားပြီးမှ အကောင်းဆုံးရွေးချယ်မှုကိုလုပ်ဆောင်ပါ။

Laura Cho

 
Laura ChoComment