အလုပ်မပြောင်းခင် မေးသင့်သည့် မေးခွန်း (၇) ခု

အလုပ်တစ်ခုမှာမပျော်လို့ပဲဖြစ်ဖြစ် အဆင်မပြေလို့ပဲဖြစ်ဖြစ် နောက်အလုပ်တစ်ခုပြောင်းဖို့စဉ်းစားတဲ့အခါမှာ အများစုထည့်သွင်းစဉ်းစားတာက လစာဘယ်လောက်ပိုတောင်းသင့်သလဲ၊ ဘယ်ရာထူးလျှောက်သင့်သလဲ၊ စနေတနင်္ဂနွေပိတ်သလား စတဲ့အချက်လောက်သာ စဉ်းစားမိကျမယ်ထင်ပါတယ်။ တစ်ကယ်တမ်းတော့ အလုပ်တစ်ခုပြောင်းတော့မယ်ဆိုစပြီးစဉ်းစားတဲ့အခါမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အရာတွေကအများကြီးပါ။ ဒီအများကြီးထဲကမှ အဓိကအချက် (၇) ချက်ကို မျှဝေချင်ပါတယ်။

၁) ဘာကြောင့်အလုပ်ပြောင်းချင်တာလဲ

ပထမဆုံးကိုယ့်ခေါင်းထဲမှာအလုပ်ပြောင်းဖို့စဉ်းစားမိပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုသေချာမေးသင့်တာက ဘာအရာကကိုယ့်ကိုနောက်အလုပ်ပြောင်းဖို့စဉ်းစားမိစေတာလဲ ဘာကြောင့်အလုပ်ပြောင်းချင်တာလဲဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်မညာတမ်းမေးသင့်တာပါ။ တစ်ခါတစ်လေမှာ ခဏတာစိတ်ညစ်အဆင်မပြေတာကြောင့်ပြောင်းချင်တာဖြစ်နိုင်သလို တစ်ကယ်ရေရှည်အတွက် အဆင်မပြေလို့ပြောင်းချင်တာလည်း ဖြစ်နိုင်ပါတယ်။

၂) ဘယ်လိုအလုပ်မျိုးလိုချင်တာလဲ

အလုပ်တစ်ခုကတစ်ခုကို ပြောင်းတယ်ဆိုတာပိုကောင်းချင်လို့ပြောင်းကျတာပါ။ ဒါကြောင့် ကိုယ်ကဘယ်လိုအလုပ်မျိုးကိုလိုချင်တာလဲဆိုတာ ကိုယ့်ကိုယ်ကိုသေသေချာချာရှင်းရှင်းလင်းလင်း သိနေဖို့လိုပါတယ်။ သေချာမသိတဲ့အခါမှာ နောက်အလုပ်ရှာတဲ့အခါမှာ မသေချာတဲ့အတွက်ကိုယ်တစ်ကယ်လိုချင်တာတွေမရနိုင်သလို အရင်အလုပ်လိုမျိုးမကြုံတွေ့ချင်တာတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် သေချာစဉ်းစားဖို့လိုပါတယ်။

၃) ဘယ်လိုလုပ်ငန်းပတ်ဝန်းကျင်မျိုးလိုချင်သလဲ

လုပ်ငန်းပတ်ဝန်းကျင်ဟာ လူတော်တော်များများအတွက်အရေးပါပါတယ်။ ပတ်ဝန်းကျင်ကောင်းတစ်ခုဟာ ပျော်ရွှင်အောင်လုပ်နိုင်သလို စိတ်ညစ်အောင်လည်းလုပ်နိုင်ပါတယ်။ကိုယ်ဟာတစ်ယောက်တည်းလုပ်ရတာကြိုက်တဲ့သူလား အသင်းအဖွဲ့နဲ့လုပ်ရတာ ကြိုက်တဲ့သူလားဆိုတာလည်းသိဖို့လိုပါတယ်။ ဒါမှမှန်ကန်တဲ့ပတ်ဝန်းကျင် ကိုယ်လိုချင်တဲ့ပတ်ဝန်းကျင်မျိုးကို ရွေးချယ်နိုင်မှာပါ။

၄) ကိုယ့်အတွက် စိန်ခေါ်မှုအသစ်တွေရှိနိုင်မလား

နောက်အလုပ်မပြောင်းခင်မှာ မေးသင့်တဲ့နောက်ထပ်မေးခွန်းတစ်ခုက ကိုယ့်အတွက်ဘယ်လိုစိန်ခေါ်မှုမျိုးလိုချင်တာလဲဆိုတာပါ။ လူတော်တော်များများအလုပ်ပြောင်းကျတဲ့ အကြောင်းပြချက်တစ်ခုက အရင်အလုပ်မှာစိန်ခေါ်မှုမရှိလို့ ပြောင်းကျတယ်လို့ပြောလေ့ရှိပါတယ်။ နောက်အလုပ်မှာစိန်ခေါ်မှုလိုချင်တယ်ဆိုပေမဲ့ ဘယ်လိုအတိုင်းအတာ ဘယ်လောက်ထိစိန်ခေါ်မှုကိုလုပ်ချင်တာလဲဆိုတာကို သေချာသိသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်မနိုင်တဲ့ဝန်ကိုထမ်းရသလိုဖြစ်လာနိုင်ပါတယ်။

၅) ဘယ်လိုအထက်အရာရှိမျိုးနဲ့အလုပ်လုပ်ချင်တာလဲ

မိမိအထက်လူကြီးကိုလည်း ရွေးချယ်ဖို့ဟာအရေးပါတဲ့အချက်ထဲမှာပါပါတယ်။ အများအားဖြင့် အထက်လူကြီးကိုအလုပ်ထဲမှာရွေးချယ်လို့မရပေမဲ့ အလုပ်အသစ်ပြောင်းတဲ့အချိန်မှာတော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဘယ်လိုအထက်လူကြီးမျိုးနဲ့ကိုယ်ကအလုပ်အတူလုပ်ချင်တာလဲ ဆိုတာကိုတော့သိဖို့လိုပါတယ်။ ဒါမှအင်တာဗျူးမှာကိုယ်နဲ့အတူအလုပ်လုပ်ရမဲ့အထက်လူကြီးကို အကဲဖြတ်လို့ရမှာပါ။

၆) ဘယ်လိုခံစားခွင့်မျိုးလိုချင်တာလဲ

လစာတစ်ခုထဲကိုထည့်သွင်းစဉ်းစားတာထက် အရေးကြီးတာက အခြားခံစားခွင့်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဒါကတော့တစ်ယောက်နဲ့တစ်ယောက်လိုအပ်ချက်မတူနိုင်တဲ့အတွက် ကိုယ့်ရဲ့လိုအပ်ချက်ကဘာလဲ နောက်အလုပ်မှာဘယ်လိုခံစားခွင့်မျိုးရနိုင်မလဲ၊ ကိုယ်လိုချင်တဲ့ခံစားခွင့်မျိုးပေးနိုင်တဲ့ အလုပ်မျိုးလားဆိုတာ သေချာသိဖို့လိုပါတယ်။

၇) ဒီအလုပ်ထဲက ဘယ်အရာတွေကိုမျှော်လင့်သလဲ

နောက်ဆုံးပေမဲ့အရေးကြီးဆုံးမေးခွန်းကတော့ ဒီအလုပ်သစ်ကကိုယ့်အတွက် ဘာတွေအဓိကမျှော် လင့်တာလဲဆိုတာသိဖို့ပါ။ သင်ယူခွင့်လား၊ စိန်ခေါ်မှုလား၊ ခံစားခွင့်လား၊ မတူညီတဲ့ အလုပ်လုပ်ချင်တာလား စတဲ့ကိုယ်လိုချင်တဲ့အရာတွေ မျှော်လင့်တဲ့အရာတွေု အလုပ်ထဲကရနိုင်မဲ့အရာတွေကို သေချာသိထားတဲ့အခါ ရအောင်လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူနိုင်ပါတယ်။

ဒါကြောင့် စာဖတ်သူတို့လည်း အလုပ်အသစ်ပြောင်းမယ်လို့စဉ်းစားမိတာနဲ့ အနည်းဆုံးဒီမေးခွန်း (ရ) ခုကို ကိုယ့်ကိုယ်မေးပြီး ပိုမိုကောင်းမွန်တဲ့အလုပ်တွေကိုရွေးချယ်နိုင်ပါစေလို့ဆန္ဒပြုရင်း

Laura Cho

Laura Cho1 Comment