“တိုးတက်မှု” လား “လစာ” လား?

 
 
Developmet or Salary - Laura Cho
 
 

အလုပ်တစ်ခုလျှောက်ထားတဲ့အခါမှာပဲဖြစ်ဖြစ် အလုပ်တစ်ခုကနေနောက်တစ်ခုပြောင်းတဲ့အခါမှာပဲ ဖြစ်ဖြစ် တိုးတက်မှု နဲ့ လစာ ဟာအမြဲနှစ်ခုထဲကတစ်ခုကိုရွေးချယ်ရတဲ့အခြေအနေမျိုးကြုံရတတ် ပါတယ်။ တစ်ခါတစ်လေ အလုပ်လျှောက်တဲ့အခါမှာ တိုးတက်မှု နဲ့ လစာဘယ်ဟာရွေးချယ်ရမှန်း မသိဖြစ်တတ်တာလဲရှိပါတယ်။ တိုးတက်မှုရှိတဲ့အလုပ်ကျ လစာမကောင်း၊ လစာကောင်းတဲ့အလုပ်ကျ တိုးတက်မှုမရှိ စတဲ့အခြေအနေမျိုးကိုကြုံဖူးကြမှာပါ။

ဒီလိုကြုံလာတဲ့အခါမှာ ဘယ်လိုဆုံးဖြတ်ချပြီး ရွေးချယ်လေ့ရှိကြပါသလဲ?

မနေ့က Laura ရဲ့ စာမျက်နှာလေးမှာ မေးခွန်းလေးတစ်ခုစာဖတ်သူတို့ကိုမေးခဲ့ပါတယ်။

အလုပ်တစ်ခုတည်းကိုသာ ရွေးချယ်ရမယ်ဆိုရင်ဘယ်အလုပ်ကိုရွေးချယ်မှာလဲ?

၁) လစာအသင့်အတင့်နဲ့တိုုးတက်မှုရှိတယ်

၂) လစာကောင်းပြီး တိုုးတက်မှုမရှိဘူး

ဒီမေးခွန်းလေးမေးတဲ့အခါမှာ စာဖတ်သူအများစုက နံပါတ် (၁) လစာအသင့်အတင့်နဲ့တိုးတက်မှုရှိတာ ကိုရွေးချယ်ကြပါတယ်။ လူနည်းစုလောက်သာ နံပတ် (၂) လစာကောင်းပြီးတိုးတက်မှု မရှိတာကို ရွေးချယ်ကြပါတယ်။ ဘယ်နံပါတ်ကိုပဲရွေးရွေး မှန်တယ်မှားတယ်ဆိုတာမရှိပါဘူး။ ဘာကြောင့်လဲ ဆိုရင် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်မှုကလဲ မတူညီနိုင်တဲ့အတွက်ကြောင့်ပါ။

🍀 ဘယ်အချိန်မှာ လစာအသင့်အတင့်နဲ့တိုးတက်မှုရှိတဲ့အလုပ်ကို ရွေးသင့်သလဲ?

အလုပ်လျှောက်တဲ့အခါ လစာ နဲ့ တိုးတက်မှုမှာ တိုးတက်မှုများပြီး လစာအသင့်အတင့်နဲ့အလုပ်မျိုးကို ခုမှအလုပ်စလုပ်မဲ့ကျောင်းပြီးစလူငယ်တွေ၊ ကိုယ့်ရဲ့ career life မှာ နေရာတစ်ခုဖြစ်တဲ့ ရာထူးတစ်ခု မရသေးတဲ့သူတွေ၊ ကိုယ့် career ကို အမြင့်ဆုံးအထိရောက်ဖို့အတွက် ကြိုးစားနေတဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုအချိန်မှာကိုယ့်အတွက် သင်ယူမှုဆိုတာကို လုပ်ဆောင်ပြီးကိုယ့်ရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာအောင်တည်ဆောက်ယူရမဲ့အချိန်မို့လို့ပါ။ အခြေခံအုတ်မြစ်ခိုင်မာတဲ့သူတွေဟာ အမြင့်ဆုံးကိုတက်လှမ်းတဲ့အခါမှာဝေးဝေးကိုကြာကြာသွားနိုင်မှာပါ။ ဒါကြောင့် career အစပိုင်းမှာ လစာကိုအလေးမထားဘဲ တိုးတက်မှုကိုသာအလေးထားရင် ရေရှည်မှာကိုယ်လိုချင်တဲ့လစာဆိုတာ တဖြည်းဖြည်းရရှိလာမှာပါ။

🍀 ဘယ်အချိန်မှာ လစာကောင်းပြီးတိုးတက်မှုမရှိတဲ့အလုပ်ကို ရွေးသင့်သလဲ?

ကိုယ့်ရဲ့ငွေကြေးအခြေအနေအရ ပညာသင်ယူဖို့၊ တိုးတက်မှုအတွက်အချိန်ပေးဖို့ အခွင့်မသာတဲ့သူ တွေအတွက်ကတော့ မလွှဲရှောင်သာပဲ လစာများပြီးတိုးတက်မှုမရှိတဲ့အလုပ်ကို ရွေးချယ်ကြဖို့ပဲ ရှိပါတယ်။ ဒါ့အပြင် ကိုယ်က careerမှာ တိုးတက်မှုထက် လစာကအရေးကြီးတယ်လို့သတ်မှတ်ထားရင်လည်း ရွေးချယ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်သွားချင်တဲ့လမ်းကြောင်း ကိုယ်ထပ်မံသင်ယူချင်တဲ့ပညာရပ်တွေအတွက် လိုအပ်တဲ့ငွေကြေးစုဆောင်းနိုင်ဖို့အတွက်လည်း တိုးတက်မှုမရှိသော်လည်း လစာများတဲ့အလုပ်ကိုရေတိုအနေနဲ့ရွေးချယ်ရတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါကြောင့် လစာအသင့်အတင့်နဲ့တိုးတက်မှုရှိတဲ့အလုပ်ပဲဖြစ်ဖြစ် လစာများပြီးတိုးတက်မှုမရှိတဲ့ အလုပ်ကိုပဲဖြစ်ဖြစ် ရွေးချယ်မှုလုပ်တဲ့အခါကိုယ့်ရဲ့ careerမှာအလေးထားမှု၊ ကိုယ့်ရဲ့အခြေအနေပေါ်မူတည်တဲ့အတွက် မှန်တယ်မှားတယ်ဆိုတာမရှိပါဘူး။ ဒါ့အပြင် အသက်အရွယ်၊ ရာထူးနေရာအရလည်း ရွေးချယ်မှုပြောင်းလဲနိုင်သလို တန်ဖိုးထားမှုတွေပြောင်းလဲရင်လည်း ရွေးချယ်မှုမတူညီနိုင်တော့ပါဘူး။

ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ဒီနှစ်ခုထဲကရွေးချယ်ဖို့အခက်တွေ့နေတဲ့သူတွေနဲ့လည်း ဒီBlogလေးကို မျှဝေပေးပြီး ရွေးချယ်မှုမှန်ကန်အောင်ကူညီနိုင်ပါတယ်။

စာဖတ်သူတို့လည်း ကိုယ့် career အတွက် အကောင်းဆုံးရွေးချယ်မှုကိုလုပ်ဆောင်နိုင်ပါစေ။

Laura Cho

 
Laura ChoComment